သံယောဇဉ် သက်သက်
အဖြူရောင် လက်တစ်ဖက်နဲ့
မျော်လင့်ချက်မဲ့ ဖေးကူ
ရင်ထဲက သောကအပူတွေကို
ညီမလေးနဲ့ အတူတူ
ကိုယ် ကူညီ သယ်ဆောင်ပေးပါရစေ။
ကြမ်းတမ်းတဲ့ ဘ၀ တက်လမ်းမှာ ..
မျက်နှာပန်းလှဖို့
ကြိုးစားရင်း ရှုံးနိမ့်နေသေးသမျှ..
အားမငယ်ပါနဲ့ ညီမငယ်ရယ်
မင်း ပင်ပန်း နွမ်းနယ် ခဲ့သမျှ
အချိန်တန် အခါရောက်လို့
မင်းမျှော်မှန်းထားတဲ့ ပန်းတိုင်ကို
လှမ်းဆုပ်ကိုင်နိုင်တဲ့အခါ..
မင်းသိပ်မြတ်နိုးတဲ့ နှင်းဆီပန်းခိုင်တွေလိုလေ..
ဝေေ၀ဆာဆာနဲ့ မင်းဘ၀ မင့်အနားမှာ
လှပစွာ ဖူးပွင့်လာကြလိမ့်မယ် ။
လောကရဲ့ သဘာဝတရားပေမို့
မမြင်ရတဲ့ ကံတရားကိုလည်း
ကိုယ့်စိတ်ကူးအတိုင်း
အလွယ်တကူဖြစ်တည်မလာတဲ့အခါဝယ်
ဆိုးဝါးတဲ့ ငါ့ ကြမ္မာကံ ရယ် လို့
ကိုယ့်ကိုကို အပြစ်မဖို့လိုက်ပါနဲ့ကွယ်
ဆိုး တစ်လီ ကောင်းတစ်လှည့် ပြောင်းလဲတတ်တဲ့
ဒီလောကဓံတရားကို ..
ကိုယ့်ကူညီရန် ကိုယ့်ထံပါးလာတဲ့
မိတ်ဆွေတစ်ယောက်လိုသာ
အသာတကြည် လက်ခံ၊ ဆက်ဆံလို့
မနက်ဖြန်.. မနက်ဖြန်တွေတိုင်းမှာ
ကောင်းကင်ထက်က ပန်းတွေပွင့်ပြနေသလို
မင်းကို မနှစ်သက်၊ မကျေနပ်သူတွေကလေ..
ပါးစပ်တွေအဟောင်းသားရယ်နဲ့ ..
အံ့သြကာ တွေဝေရလောက်အောင် ..
အကောင်းဆုံးသာ ...
ကျော်ကာလေ၊ ဖြတ်ပြလိုက်စမ်းပါ ညီမငယ်။
ညဆိုတာ မိုးမလင်းမှီအချိန်ထိအောင်
မှောင်မိုက်စမြဲမို့ ..
ဘ၀ဆိုတာလည်း ကြိုးစားဆဲ မပီပြင်သေးမှီ ..
ယိုင်နဲ့ စမြဲမို့ ..
အနိုင်ကို အမြဲလိုချင်တဲ့ ညီမငယ်အတွက်
နိုင်ပွဲဆိုတာ ...
ညီမလေးရဲ့ရှေ့နားလေးတင်ရှိတယ်ဆိုတဲ့ အသိနဲ့ ..
အားတင်းကာထားစမ်းပါကွယ် ။
ခဏတာ ဒီအမှောင်ထုထဲမှာ
ရှိထားတဲ့အသိတရားနဲ့ ဘ၀အတွေ့အကြုံကို
ပေါင်းယှဉ်စပ်တွဲလို့ ...
ကိုယ့်အလင်းနဲ့ကိုယ်အသက်ရှင်
မျက်လုံးတွေ ကျင့်သားရလာခဲ့ရင်
မြင်ကွင်းဟာ ထင်ရှားသထက် ထင်ရှားလာလို့
ညီမလေး လျှောက်ချင်တဲ့လမ်းပေါ်.
ပန်းတွေအပြည့်အမောက် ခင်းကျင်းထားတယ်ဆိုတာ..
ရှင်းရှင်းလင်းလင်း မြင်လာလိမ့်မယ် ။
ဒါပေမယ့် ညီမလေး....
ပြင်မရတဲ့ အပျက်အမြင်
အဖျက်ဝင်တဲ့စိတ်ဓါတ်တွေနဲ့
အမှားကို အမှန်ယောင်ဆောင်
အမှောင်ကို အလင်းရောင် ထင်အောင်
ပြောဆိုလေသမျှ
ဗလောင်းဗလဲ အတုယောင်စကားတွေကြား..
ညီမလေး နားထောင်ကာ နားယောင်လို့
အချိန်တွေကို မဖြုန်းလိုက်နဲ့ဦး
နေရောင်ကို တိမ်ဖုံးသလို..
သုံးမရတဲ့ သူတို့တတွေကြောင့်
လင်းလက်စပြုနေတဲ့
ညီမလေးရဲ့ အနာဂတ်အိပ်မက် ရွှေရောင်တွေ
ပျက်စီးသွားမှာကို စိုးရိမ်တယ်။
အဟောင်းတွေနဲ့ အနွမ်းမြန်တဲ့နေ့ရက်တွေကြားမှာ
အပြောင်းအလဲမြန်တဲ့ စိတ်အညစ်အထေးတွေနဲ့
ညီမလေးကို အပြစ်မြင်နေတဲ့
လောင်းရိပ်မိ စိတ်မှောင်မှောင်
ချောင်ဂလောင်ထဲက အရိပ်ယောင်ယောင်လူတွေက ..
အားကျကာ ငေးမောကြည့်နေရလောက်အောင်
မိုးကောင်းကင်မြင့်ထက်ဆီက..
ကြယ်စင်တစ်ခုလို
ကိုယ့်အစွမ်းစရှိသလောက်ကိုသာ
တောက်ပလို့ ပြလိုက်စမ်း ညီမလေးရယ် ။
နောက်ဆိုရင်လေ ...
ညီမလေး လက်မထောင်ကာ ပျော်ရွှင်ရတဲ့ အခါတိုင်းမှာ
ညီမလေးရဲ့ ကလေးဆန်တဲ့ အပျော်ပြုံးတွေနဲ့အတူ
ညီမလေးရဲ့ နဘေးနားမှာ
အပျော်ဆုံးလူ အဖြစ် ကိုယ်
ရင်ကော့ကာ
အမြဲတမ်း ရပ်နေချင်တယ်ဆိုတာ.ကို
ညီမလေး သိပါကွယ် ။ ။ ။ ။
No comments:
Post a Comment