သုံးပွင့်ဆိုင်

ပြိုင်ဆိုင်ခြင်းမရှိတဲ့
သုံးပွင့်ဆိုင် ဇာတ်လမ်းတစ်ပုဒ်
အမုန်းမရှိတဲ့ သူငယ်ချင်းတွေမို့
သူတို့နှစ်ယောက်ချစ်သွားလည်း
အရှုံးအနိုင်ဆိုတာ ဆုံးဖြတ်စရာ
ငါ့မှာ မရှိပါဘူး ။

ယှဉ်ပြိုင်လုစရာလည်း
မလိုအပ်ခဲ့လေတော့
ရင်ကွဲအောင် ကိုယ်ခံစားရလည်း
အမြင်မလွဲလေအောင် ဝေဒနာကိုမြိုသိပ်
သူတို့ မရိပ်မိလေရအောင်
အပြုံးတုကို တပ်ဆင်လို့
အချစ်တစ်ခုအတွက်
နှလုံးသားမှာ တိတ်တိတ်ငိုကြွေးနေလည်း
လူမသိသူမသိ အသည်းကွဲခဲ့တာကလွဲလို့
ကိုယ့်အတွက် ဘာမှ မနစ်နာခဲ့ပါဘူးလေ ။  ။

တောင်းပန်စာ

အချစ်သစ်တွေ့တဲ့အခါ
အပြစ်ရှာ မျက်လုံးတွေနဲ့
အမှားကို ရှာပုံတော်ဖွင့်
အေးစက်စက် စကားလုံးတွေနဲ့
ကံကြမ္မာကို ယိုးမယ်ဖွဲ့လို့
ယိုင်နဲ့နဲ့ သံယောဇဉ် ငါမြင်ရုံနဲ့
အပူဆုံးမီးတွေ ပူလောင်မြိုက်
မိုက်ခဲ့တဲ့ကောင်
သူစိမ်းရောင်ဆင်တာတောင်
မသိချင်ရင်ဆောင်လို့
ဘောင်မ၀င်တဲ့ စိတ်ခံစားချက်ကို
နောင် တမလွန်ထိ သယ်ဆောင်သွားချင်လို့
ကောင်မလေးရယ် ..
မင်း မမုန်းလိုက်ပါနဲ့ဦးကွယ် ။ ။

ရင်ကွဲနာ

အနာကျင်ဆုံး
ခံစားရတယ် ။

နှလုံးသားဟာ
ရိုင်ဖယ်တစ်လက်နဲ့
ပစ်ခတ်ခြင်းခံရသလို
စုတ်ပြတ်ဖွာလန်ကြဲ ။

မျက်ရည်ဥတွေအောက်
သွေးခြည်ဥမျက်ဝန်းတွေ
မျှော်လင့်ချက် အသက်ငွေ့ငွေ့ ။

စွဲလမ်းခြင်း တရေးနိုး
မွဲလေတဲ့ ကံ ရက်စက်
ရင်ကွဲပက်လက်
သူ အသဲခွဲရက်လေတော့
ပေါက်ပြီးတဲ့ နဖူး
ထပ်ရူးလည်း ငါ့အတွက်တော့
မထူးတော့ပါဘူးလေ ။

ကွဲကွာချိန်

ရေတမာပင် ခြေရင်း.
အလွမ်းတွေ စွန်းထင်းနေတဲ့
ခုံတန်း ရှည်ရှည်လေးမှာ ..
နှစ်ယောက်သား အတူတူ ..
ဟိုးအဝေး က မိုးတိမ်တွေကို ငေးလို့
တစ်မြေစီ ဝေးကွာရမယ့် အတွေး
ရင်ထဲကို လေးလံစေတယ်။

ကျောင်းပိတ်တော့မယ်နော် ဆိုတဲ့
သူ့ စကားသံ တိုးဖျော့ဖျော့နဲ့ အတူ
မြေကြီးပေါ် ကြွေကျ မြေခနေတဲ့
စိန်ပန်းပွင့်တွေလိုဘဲ
ငါ့ မျက်ဝန်းတွေလည်း..
အလွမ်းငွေ့ တွေ ရဲရဲနီစွေလို့ ။

နေ၀င်တော့မယ်လေ ..
အမှောင်သမ်း လာတဲ့ ဒီညနေချမ်း
လက်ဖ၀ါးတစ်စုံရဲ့ ခွဲခွာခန်းမှာ ...
ဟိုးအဝေးဆီက ..
ရထားဥသြဆွဲသံ တိုးလျလျဟာ..
ကွဲကွာကြမယ့် ချစ်သူနှစ်ဦးအတွက်တော့
ဆွေး မြေ့ ကြေ ကွဲ စရာ... ။  ။  ။

ဖွဲမီး

တွေ့ဆုံခြင်း သမုဒယ
ကွေကွင်းခြင်း ဗျာပါဒနဲ့
အဆုံးသတ်ရစမြဲ ပေမယ့်
ဝင်ရောက်လာတဲ့ သံယောဇဉ်
စိတ်အစဉ်ကို သတိတရားနဲ့ ယှဉ်လည်း
မဖြတ်တောက်နိုင်ခဲ့ဘူး ။

ဟုန်းကနဲတောက်တဲ့ ကောက်ရိုးမီးတစ်စလို
ငြိမ်းခဲ့ရင်လည်း အကောင်းသား
အခုတော့ ဖွဲမီးလို တငွေ့ငွေ့
ဝေးနေရင်ပိုသတိရ
သင်္ခါရလို့တွေးနေရင်းနဲ့
ရင်ထဲမှာ ပြာကျခဲ့ရပေါ့ ။ ။

တောင်းပန်စကား

လက်တစ်ဖက်က ..
သူ့လက်ဖ၀ါးကို  အမြဲတမ်းဆုပ်ကိုင်ထားနိုင်ဖို့
ကျန် လက်တစ်ဖက်က
နှလုံးသားကို ထုတ်ပေးခဲ့တယ် ။

ရင်ခုန်သံတိုင်းမှာ..
ဝင်သက်ထွက်သက် တစ်ချက်တစ်ချက်စီတိုင်းမှာ
သူ့ကို သတိရစိတ်နဲ့ ရှုရှိုက်နေခဲ့ရတယ်ဆိုတာ..
ဘယ်သူကများ သိနိုင်ခဲ့လို့လဲ ။

သူမရှိရင်လွတ်လပ်မယ်ဆိုတာ.. သိတယ်
သူမရှိရင် မဖြစ်ဘူးဆိုတဲ့ စိတ်အတွေးက
လောင်းရိပ်မိ သစ်ပင်တစ်ပင်လိုဘဲ
သူ့အရိပ်အောက်မှာဘဲ နားခိုဖို့ ကြိုးစားရင်း
ဘယ်တော့မှ ကြီးထွားဖို့ မကြိုးစားခဲ့မိဘူး ။

သူ့ကြောင့်ကြေကွဲရတယ် ....
သူ့ကြောင့် ၀မ်းနည်းရတယ် ....
သူ့ကြောင့် စိတ်ဆင်းရဲရတယ် ....
သူ့ကြောင့် နာကျင်ခဲ့ရတယ် ....
ဘာမဆို ခေါင်းငုံခံရင်းနဲ့
သူ့ကို အရမ်းချစ်တယ်လို့သာ
အချိန်တိုင်းခေါင်းမော့ပြောခဲ့တယ်။

အချစ်ဆိုတဲ့ ညီမျှခြင်းဟာ
မညီမျှခဲ့ပေမယ့် ညီမျှတယ်လို့
ယူဆရင်း ..
လက်ဖ၀ါး တစ်ခုမှာတောင်
လက်ချောင်းတွေညီမှ မညီတာဘဲကွာလို့
ကိုယ့်ကိုကိုယ် ဖြေသိမ့်ခဲ့တယ် ။

သူက ကိုယ်နဲ့ အဝေးမှာ နေချင်တယ်လို့
ခဏခဏ တဖွဖွပြောတယ်
ကျနော်က ခေါင်းညိတ်ပြနေရင်းနဲ့ဘဲ
သူ့အနားကိုဘဲ
ပိုပိုပြီး တိုးကပ်လာခဲ့တယ်။

သူ့ကို စွန့်လွတ်နိုင်ဖို့ဆိုတာ
သူ ပြောသလောက် ကျနော့်ဘ၀မှာ
မလွယ်ကူခဲ့ဘူးဆိုတာ ..
သူ မှ သိပါလေစ ။

အချိန်ကာလ တစ်ခုအပေါ်က
ပုံမှန် သံယောဇဉ် တစ်ခုလောက်
အချစ်က တန်ဖိုးမရှိခဲ့လေတာလား။

တန်ဖိုးမရှိခဲ့ရင်လည်း
တစ်ယောက်တည်းသာ
ချန်ထားရစ်ခဲ့ပါ
ကျန်ရစ်ခဲ့ပြီးရင်တော့
အရက်စက်ဆုံးအရာကို ရယူပိုင်ဆိုင်ဖူးပြီမို့
ကို့ကို သနားတယ် ဆိုတဲ့ စကားကို
ဘယ်သောအခါမှ မပြောပါနဲ့ကွာ ။

တစ်ဘ၀လုံးစာ တွယ်တာလာခဲ့သမျှ
အပယ်ခံ ဘ၀နဲ့ ကျန်နေခဲ့ရမှတော့
ကို့ယ်ကို သနားပါတယ်ဆိုတဲ့ စကားက.
 ပိုပြီးရူးရုံကလွဲပြီး
ဘာမှ ပိုပြီး ထူးလာတော့မှာမဟုတ်လို့
တကယ်သာ သနားခဲ့ရင်တော့
ဘယ်တော့ မထားရစ်ခဲ့ပါနဲ့လို့ သာ
တောင်းပန် ပါရစေလားကွယ် ။

ကျောင်းလမ်း

ယူကလစ်ပင်တန်းတွေ စိမ်းလန်းခက်ဝေ
ကျောင်းလာရာလမ်းတစ်လျှောက်
မိုးတွေဆွေလို့
ဆွေးနေသူရင်ထဲ  မျက်ရည်တွေ ၀ဲနေခဲ့ရပေါ့ ။

ဇူလိုင် ၂၉ မိုးတွေသည်းနေခဲ့စဉ်တုန်းက ..
ဒီကျောင်းလမ်းပေါ်မှာ မင်းနဲ့ငါ
ထီးလေးတစ်ချောင်းကို နှစ်ယောက်အတူဆောင်းရင်း
နှစ်ယောက်စလုံး ရွှဲရွဲ့စိုလည်း
မိုးထဲလေထဲ တို့ပျော်ခဲ့ဖူးတယ် ။

ခုတော့လေ..
တို့ဘ၀ မိုးစက်တွေ ကျ.. ကျတိုင်း
ပန်းရောင်ဖျော့ဖျော့ အတိတ်တောအုပ်တွေကို
ခဏခဏ လွမ်းမောမိပြန်တော့
ဝေ့တက်လာတဲ့ မျက်ရည်စတွေကို
လက်ဖ၀ါးနဲ့ အသာသုတ်လို့
မိုးရာသီတစ်ခုလုံး
ဟောဒီ့လူ ဆီကိုလေ..
အလွမ်းခိုးတွေ လူးလားခေါက်တုံ့ ပြေးနေခဲ့ပေါ့ ။  ။