နွေနေ့လည်

နွေရာသီမြို့ဟောင်းဟာ ..
ကန့်လန့်ကာနောက်ကွယ်က
ကြည့်နေသူ ငါ့အတွက်တော့ .
တစပြင်တစ်ခုလို
ပူပြင်းခြောက်ကပ်ငြိမ်သက်လို့ ။
လွင့်မျောနေတဲ့တိမ်တွေ ..
မနက်ဖြန်ဆိုဘယ်မှာ ရှိကြမလဲ ။
တိမ်တွေရဲ့လမ်းကိုမှ မမြင်နိုင်ခဲ့တာ ။

သစ်ရွက်ခြောက်တစ်ခု ကြွေကျသံနဲ့ အတူ ..
အနိစ္စ .. အနိစ္စ လို့ရေရွှတ်လိုက်သံ
ကြားလိုက်ရသလိုဘဲ ။

ဘယ်သူများရေရွတ်လိုက်သလေလဲ ။

သင်္ခါရဟာတဖြုတ်ဖြုတ်နဲ့
ကိုယ့်အနားရောက်လာသလို ထင်မိတယ်။

နေအပူရှိန်ရဲ့
လက်ဖျစ်တစ်တွက်စာ ..
ပူအိုက်ခြင်းကလည်း
အခန်းတစ်ခုလုံးကိုလောင်မြှိုက်လို့ ။

တစ်လောကလုံးလည်း
ငါတစ်ယောက်တည်းကိုများ
နှိပ်စက်နေလေသလား ။

ပူလောင်အိုက်စပ်တဲ့ဒါဏ် မခံနိုင်တဲ့အဆုံး
တောက်တစ်ချက်ခေါက်ပြီး
အခန်းပြင်ဘက်အထွက် ..

အိမ်ရှေ့ဘုရားခန်းထဲက
ဘုရားရှစ်ခိုးသံဟာ ..
တိုးတိုးလေးနဲ့ကြည်လင်ပြတ်သားလို့
နွေရာသီတစ်ခုလုံးရဲ့ နေ့လည်ခင်းကို
တဖြည်းဖြည်းနဲ့
ဆိတ်ငြိမ်အေးချမ်းသွားစေခဲ့တယ်။

သြော် ...
တကယ်တော့ပူလောင်ခြင်းဆိုတာ ..
ကိုယ်ကဘဲ လက်ခံခဲ့တာလေ ။





[+/-] show/hide this post

No comments: