စိတ်ဒါဏ်ရာ

အရင်တုန်းကတော့ ကမ္ဘာတွေ
ကုန်ဆုံးရင်တောင်
ဘယ်တော့မှ မမုန်းရက်ပါဘူးတဲ့။

အခုတော့လည်း ..
သာရာကို သူသွားကာမှ
ကျန်နေသူရင်ကော့ခံရအောင်
သနား သယောင်ယောင်နဲ့
ဟန်ဆောင်ပန်ဆောင် သူပြောခဲ့ပုံများ
နောင်ဘ၀သာရှိရင် ..
မောင်နဲ့ ကျမ ဆုံချင်ပါသေးသတဲ့ ။

သုဘဒ္ဒါလို အငြိုးမျိုးနဲ့
ဒီဘ၀တင် အားမရ
နောင်ဘ၀ အဆက်ဆက်တောင်
နင် ထပ်ပြီး နှိပ်စက်ချင်လေသလားကွာ ။

တော်ပါပြီ ...
အပြစ်ရှိခဲ့ရင်လည်း နေပါစေတော့
ဝဋ် ရှိခဲ့ရင်လည်း ဒီဘ၀တင်ဘဲ
ကျေပါစေတော့ကွယ် ။

ချစ်ခြင်းမေတ္တာတရားအတွက်
ပေးဆပ်ရသမျှ အရင်းအနှီး
ငါ့အတွက် သိပ်တန်ဖိုးကြီးလွန်းလို့
ဖြစ်ပြီးသမျှ ပြည်ဖုံးကားလိပ်ချ
အတိတ်မေ့လို့ ရရင်လည်း
ငါမေ့သွားပါရစေတော့ကွယ် ။

No comments: